အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မန်ယူအသင်းမှာ ပျော်ရွှင်နေတယ်လို့ တောင်ပံ တိုက် စစ်မှူး ဂါနာချိုက ပြောကြားလိုက်ပါတယ်။ အသက် ၂၀ အရွယ် ဂါနာချိုကို ပြီးခဲ့တဲ့ ဇန်နဝါရီက နာပိုလီအသင်း ကမ်းလှမ်းခဲ့သေးသလို ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မန်ယူ အသင်းအနေနဲ့လည်း လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ဂါနာချိုလို ဈေးကောင်းရနိုင်တဲ့ ကစားသမားမျိုးကို ရောင်းချဖွယ် ရှိနေတာပါ။

ဂါနာချိုကတော့ မန်ယူအသင်းနဲ့ ၂၀၂၈ အထိ စာချုပ်ရှိထားသလို အသင်းမှာ ပျော်ရွှင်နေပါတယ်လို့ ပြောသွားခဲ့ပါတယ်။ မန်ယူနည်းပြသစ် အမ်မိုရင်ရဲ့ ကစားကွက်မှာ အစပိုင်းက အထိုင်မကျတာတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမ်မိုရင် အားထားရတဲ့ ကစားသမားဖြစ်လာခဲ့သလို အခုရာသီမှာ မန်ယူကစားသမားဘဝ ဂိုးပါဝင်ပတ်သက်မှု အများဆုံး ဘောလုံးရာသီ တစ်ခုကိုလည်း ဂါနာချို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကိုလည်း ဆော်ဒီကလပ် အယ်ဟီလယ်အသင်းက မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့စီစဉ်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီး နည်းပြ အမ်မိုရင်ကတော့ ဖာနန်ဒက်စ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိတယ်လို့ ပြောသွားခဲ့ပါတယ်။