မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဘူကစ်ဂျာလီ အားကစားကွင်းကြီးထဲမှာ မေ ၂၈ ရက်၊ ညပိုင်းက ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ASEAN All-Stars အသင်းဟာ မန်ယူအသင်းကို တောင်ပံတိုက်စစ်မှူး မောင်မောင်လွင်ရဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။အခုပွဲမှာ မန်ယူနည်းပြ အမ်မိုရင်က လူကြီးနဲ့ လူငယ်ပေါင်းစပ်ထားတဲ့ အသင်းပုံစံကို ပွဲချိန်အတော်များများမှာ အသုံးပြုသွားခဲ့တာပါ။

အာဆီယံအောလ်စတားအသင်းကတော့ စုစည်းမှု ကောင်းကောင်းနဲ့ မန်ယူအသင်းကို တုံ့ပြန် ကစားသွားခဲ့ဝာာ တွေရပြီး ကစားအားကျလာတဲ့ ကစားသမားတွေနေရာမှာ လူစားလဲမှုတွေ ပြုလုပ်ကာ အသင်းကစားပုံကို ပြင်ဆင် နိုင်ခဲ့ပါတယ်။ မန်ယူအသင်းက အခွင့်အရေးတွေ ပိုရခဲ့တယ်ဆိုပေမယ့် အာဆီယံအောလ်စတား အသင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ တစ် ယောက်တည်းသော မြန်မာ့ လက်ရွေးစင်ကစားသမား မောင်မောင်လွင်က ပွဲကစားချိန် ၇၁ မိနစ်မှာ တည်ငြိမ်တဲ့ အဆုံးသတ်မှုနဲ့ အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။အဲဒါကြောင့် မောင်မောင်လွင်ဟာ နာမည်ကြီး အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို ဂိုးသွင်းဖူးတဲ့ ပထမဆုံး မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ရာသီပြီးပြီးချင်းမှာပဲ ခြေစမ်းပွဲအတွက် မလေးရှားနိုင်ငံကို ခရီးနှင်လာခဲ့တာ ဖြစ်ပေမယ့် အသင်းရဲ့ အဓိက ကစားသမားအများစုကို ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။အာဆီယံဘောလုံးအဖွဲ့ချုပ်အနေနဲ့ မန်ယူအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ လက်ရွေးစင် အမျိုးသားအသင်းတွေက ကစားသမားအယောက် ၂၀ ရွေးချယ်ပြီး ASEAN All-Stars အသင်းကို ဖွဲ့ စည်းခဲ့ကာ နည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား ကင် ဆမ်ဆစ်ကို ကိုင်တွယ်စေခဲ့တာ ဖြစ်ပါတယ်။မန်ယူအသင်းဟာ လာမယ့် မေလ ၃၀ ရက်မှာ တရုတ်ဟောင်ကောင်အသင်းနဲ့ ခြေစမ်းပွဲ ဆက်ကစားဖို့လည်း စီစဉ် ထားတယ်လို့ သိရပါတယ်။