အခုရာသီမှာ အားနည်းချက်တွေများခဲ့တဲ့ မန်စီးတီးအသင်းကို ပြန်လည်တည်ဆောက်မှုက သူ့အတွက် စိန်ခေါ်မှု တစ်ခုဖြစ်လိမ့်မှာ မဟုတ်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ နှစ် ဆက်တိုက် ရယူထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ အခုရာသီမှာတော့ ဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ အမှတ် ၂၀ အထိ ကွာဟနေလို့ ချန်ပီယံဆုကို လက်လွှတ်ရဖို့ နီးစပ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကိုသာ ကြိုစားရတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရာသီအကုန်မှာ အသင်းကို ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်မှာဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာကိုယ်တိုင် ပြောကြားထားပါတယ်။

အသင်းနဲ့အတူ အောင်မြင်တဲ့ခေတ်တစ်ခုကို တည်ဆောက် ခဲ့တဲ့ ကစားသမားအများစုလည်း အသင်းကနေ ထွက်ခွာရဖွယ် ရှိနေတာကြောင့် မန်စီးတီးအသင်းကို ပြန်လည် တည်ဆောက်မှုက နည်းပြ ဂွါဒီယိုလာအတွက် ခက်ခဲဖွယ်ရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။လွန်ခဲ့တဲ့ ၉ နှစ်က အသင်းကို ပထမအကြိမ် တည်ဆောက်ခဲ့တုန်းကလောက် ခက်ခဲမယ်မထင်သလို ကစားသမား တွေနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ပြနိုင်မယ်ဆိုတာလည်း ယုံကြည်တယ်လို့ စပိန်လူမျိုး နည်းပြဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။