တိုက်စစ်မှူး မက်ဆီအနေနဲ့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာကြောင့် ပျက်ကွက်မှုတွေ ရှိနိုင်တာကို နားလည်ထားပြီး မက်ဆီအပေါ် မှီခိုနေမှုတွေကို လျှော့ချနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ အာဂျင်တီးနားနည်းပြ စကာလိုနီက ပြောပါ တယ်။

၂၀၀၅ မှာ လက်ရွေးစင်အသင်းအတွက် စတင်ကစားပေးခဲ့တဲ့ မက်ဆီဟာ လက်ရွေးစင်အသင်းနဲ့အတူ ၁၉၂ ပွဲမှာ ၁၁၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား ၁ ကြိမ်နဲ့ ကိုပါအမေရိက ချန်ပီယံဆု ၂ ကြိမ် ရယူနိုင် ခဲ့တာပါ။ အသက် ၃၇ နှစ်အရွယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာ တွေကြောင့် အာဂျင်တီးနားအသင်းရဲ့ ပွဲစဉ်တွေကို မကြာခဏဆိုသလို လွဲချော်နေခဲ့တာပါ။ အခုတစ်ပတ်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့် အာဂျင်တီးနားအသင်းမှာ မက်ဆီ ပြန်လည်ပါဝင်လာခဲ့ပြီး သောကြာနေ့က ကစားခဲ့တဲ့ ချီလီအသင်းနဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

မက်ဆီပါချိန်နဲ့ မပါနိုင်ချိန်တွေမှာ အသင်းက ပုံမှန်အတိုင်း ကစားနိုင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားသလို ကစားသမားတွေကလည်း အသင်း တည်ငြိမ်မှုရဖို့ အကောင်းဆုံး ကြိုးစားပေးနေကြပါတယ်လို့ ကိုလံဘီယာအသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ စကာလိုနီက ပြောသွားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက ကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်မြင်ပြီး ဖြစ်ပေမယ့် ကိုလံဘီယာအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် နောက်ဆုံး နေရာဖြစ်တဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။