(၂၀၂၅-၂၀၂၆)ပညာသင်နှစ်အတွက် ဘောလုံးအကယ်ဒမီကျောင်းတွေမှာ ကျောင်းသားသစ်ဦးရေ တစ်ရာခန့်ကို ရွေးချယ်ခေါ်ယူသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေသိရပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့အချုပ်အနေနဲ့ မြန်မာဘောလုံးအကယ်ဒမီကျောင်းတွေကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာဖွင့်လှစ်ထားတာပါ။

ကျောင်းသားအသစ်တွေအဖြစ် အသက်(၁၂)အောက်၊ အသက်(၁၃)နှစ်အောက်နဲ့ အသက်(၁၄)နှစ်အောက် ကလေးတွေကို ရွေးချယ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ရွေးချယ်တဲ့အခါမှာပဏာမအဆင့်အနေနဲ့ လူဦးရေ(၃၀၀)ခန့်ရွေးချယ်ကာ အဲဒီထဲကနေ လူဦးရေတစ်ရာခန့်ကို ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အခုလက်ရှိဘောလုံးအကယ်ဒမီကျောင်း(၂)ကျောင်းမှာ ကျောင်းသားဦးရေ(၂၀၀)ခန့်ရှိပြီး မြန်မာလက်ရွေးစင်တွေ အများကြီးပေါ်ထွန်းလာစေဖို့ အထောက်အကူပြုတယ်လို့ဆိုပါတယ်။

ပဏာမအဆင့်အဖြစ် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊မြို့နယ်၊ပြည်နယ်တွေရှိ ဘောလုံးအားကစားကွင်းတွေမှာ မတ်လနောက်ဆုံးအပတ်ကနေ မေလပထမအပတ်အထိ ရက်အလိုက် ရွေးချယ်မှုတွေပြုလုပ်မှာဖြစ်ပြီး နောက်ဆုံးအဆင့်ရွေးချယ်မှုကိုတော့ မေလအတွင်း ရန်ကုန်၊မန္တလေး ဘောလုံးအကယ်ဒမီ ကျောင်းတွေမှာ ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။