အခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြနေတဲ့ အသက် ၁၇ နှစ်အရွယ် စပိန်တောင်ပံတိုက်စစ်မှူး ယာမယ်ဟာ ဘာစီလိုနာအသင်းမှာ မက်ဆီဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၁၀ ကို ရယူဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာနည်းပြဟောင်း ဇာဗီလက်ထက် အသက် ၁၅ နှစ်အရွယ်မှာ အသင်းကြီးအတွက် စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ ယာမယ်ဟာ အခုရာသီမှာ ဘာစီလိုနာအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အခုရာသီ နည်းပြဖလစ်ခ်လက်ထက် ဘာစီလိုနာအသင်းဟာ လာလီဂါ၊ စပိန် ဘုရင့်ဖလားနဲ့ စပိန်စူပါဖလား ဖလား ၃ လုံးရရှိထားရာမှာ ယာမယ်က အရေးပါတဲ့သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ ကျောနံပါတ် ၁၀ ကို ဖာတီက ရယူထားတာ ဖြစ်ပြီး ဖာတီဟာ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကျဆင်းခဲ့သလို ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာ ဖွယ် ရှိနေတာပါ။

ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ လာမယ့် ဇူလိုင်လထဲမှာ အသက် ၁၈ နှစ်ပြည့်တော့မယ့် ယာမယ်ကို ကာလရှည်စာချုပ်နဲ့အတူ ကျောနံပါတ် ၁၀ ကိုပါ ပေးအပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းတာဝန်ရှိသူတွေအမြင်မှာလည်း ယာမယ်ဟာ မက်ဆီရဲ့ကျောနံပါတ်ကို ဆက်ခံဖို့အတွက် အထိုက်တန်ဆုံး သူ ဖြစ်တယ်ဆိုတာကို မြင်ထားတဲ့အတွက် အခုလို စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ယာမယ်ကတော့ သူ့ကို မက်ဆီနဲ့ ခိုင်းနှိုင်းမှုတွေအတွက် သဘောမကျဘဲ သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့သာ အောင်မြင်မှုရဖို့ ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။