ဘာစီလိုနာအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိသက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီးနောက် တောင်ပံကစားသမား ရာဖင်ဟာက ဘာစီလိုနာအသင်းမှာ ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ ကစားချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဘရာဇီးတောင်ပံတိုက်စစ်မှူးဟာ အခုရာသီ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၅၆ ပွဲမှာ ၃၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၅ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဘာစီလိုနာအသင်းက ရာဖင်ဟာကို အခုလိုမျိုး စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ နောက်ထပ်နှစ်တွေ အများကြီး ဆက်နေခွင့်ရဖို့ကို မျှော်လင့်ပါတယ်လို့ ရာဖင်ဟာက ပြောသွားခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် ရာဖင်ဟာ ဟာ ၂၀၂၂ ခုနှစ်မှာ လိဒ်ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အချိန်တိုအတွင်း အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်လာခဲ့တာပါ။

အခုရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နည်းပြ ဖလစ်ခ်ကို စာချုပ်သစ်ချုပ်ခဲ့သလို အခုရာဖင်ဟာကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာပါ။ ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ကြယ်ပွင့်တွေဖြစ်တဲ့ ဂါဗီ၊ ပက်ဒရီနဲ့ ခွန်ဒီတို့ကိုလည်း စာချုပ်သစ်တွေချုပ်ဆိုဖို့အတွက်စီစဉ်နေတယ်လို့ အားကစားဒါရိုက်တာ ဒေကိုက ပြောသွား ခဲ့ပါတယ်။