ဘရာဇီးနည်းပြသစ် အန်ဆလော့တီက ဘရာဇီးလက်ရွေးစင်အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်သလို ဒီအသင်းကို ဦးဆောင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ဘရာဇီးနည်းပြသစ်အဖြစ် မိတ်ဆက်ပွဲကို မေလ ၂၆ ရက်က ဘရာဇီးဘောလုံးအဖွဲ့ချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဝါရင့်နည်းပြ အန်ဆလော့တီရဲ့ ဦးဆောင်မှု အောက်မှာ ဘရာဇီးအသင်း အောင်မြင်မှုတွေ ပြန်ရလာဖို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

အေစီမီလန်၊ချဲလ်ဆီး၊ ရီးရဲလ်အသင်းတွေနဲ့အတူ ဥရောပမှာ ဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ အန်ဆလော့ တီ အနေနဲ့ အနီးစပ်ဆုံးအဖြစ် လာမယ့်ဇွန်လထဲ ကစားရမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ ဘရာဇီး အသင်းကို ရလဒ်ကောင်းရအောင် ကြိုးစားပေးရတော့မှာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းနဲ့အတူ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက သူ့ရဲ့နည်းပြဘဝတစ်လျှောက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နိုင်ပေမယ့် အသင်းသားတွေနဲ့အတူ လက်တွဲပြီး အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အန်ဆလော့တီက ပြောပါတယ်။

နည်းပြသစ်အဖြစ် မိတ်ဆက်ပြီးနောက် အန်ဆလော့တီဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ဘရာဇီး လက်ရွေးစင်အသင်းလူစာရင်းကို ကြေညာခဲ့ရာမှာ ဆန်းတို့စ်တိုက်စစ်မှူး နေမာ မပါဝင်ခဲ့ပေမယ့် မန်ယူ ကွင်းလယ်လူ ကက်စမဲရိုးနဲ့ စပါးတိုက်စစ်မှူး ရစ်ချာလီဆန်တို့ ပြန်လည်ပါဝင်လာခဲ့သလို ဘက်တစ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်မှူး အန်တိုနီလည်း ပြန်လည်ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။