လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဘရာဇီးအသင်းရလဒ်ကောင်းဖို့အတွက် တိုက်စစ်မှူး ဗီနီစီးယက်စ်ရဲ့ အကောင်ဆုံးခြေစွမ်းကို လိုအပ်တယ်လို့ နည်းပြ အန်ဆလော့တီက ပြောသွားခဲ့ပါတယ်။ အန်ဆလော့တီဟာ ရီးရဲလ်နည်းပြဘဝမှာ ဗီနီစီးယက်စ်နဲ့ လက်တွဲပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ဘရာဇီးအသင်းကို တာဝန်ယူချိန်မှာလည်း ခြေစွမ်းကောင်းရနေတဲ့ ဗီနီစီးယက်စ်ကို မြင်တွေ့ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်အုပ်စုမှာ ၁၄ ပွဲကစားပြီးချိန် အဆင့်-၄ နေရာမှာ ရပ်တည်နေတဲ့ ဘရာဇီးအသင်းဟာ အီကွေဒေါ၊ ပါရာဂွေးအသင်းတွေနဲ့ ကစားရဖို့ ရှိနေတာပါ။ ၆ သင်း ခြေစစ်ပွဲအောင်မယ့် တောင်အမေရိကဇုန်မှာ ဘရာဇီးအသင်းက အဆင့် ၇ နေရာက အသင်းနဲ့ ၆ မှတ် ကွာဟနေတာဖြစ်သလို ခြေစစ် ပွဲ ပြီးဆုံးဖို့ကလည်း ၄ ပွဲသာကျန်တော့လို့ လက်ကျန်ပွဲတွေမှာ အမှားအယွင်းမရှိအောင် ကစားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဗီနီစီးယက်စ်ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တစ်လျှောက် ဘရာဇီးအသင်းလူစာရင်းမှာ ပုံမှန်ပါခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။