သတင်းရင်းမြစ်များစွာရဲ့ ဖော်ပြချက်အရ အီတလီလူမျိုး ဝါရင့်နည်းပြ အန်ဆလော့တီဟာ လာမယ့်ဇွန်လမှာ ဘရာဇီးလက်ရွေးစင်အသင်းကို တာဝန်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပြီးနောက် အန်ဆလော့တီရဲ့ ရီးရဲလ်အနာဂတ်က ပိုမိုလှုပ်ခတ်လာသလို တစ်ဖက်မှာလည်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်နဲ့ အန်ဆလော့တီတို့အကြား ဆွေးနွေးမှုတွေက တိုးတက်မှု ရှိလာ တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အခုနောက်ဆုံး အပြောင်းအရွှေ့သတင်းရင်းမြစ်တွေအပါအဝင် နာမည် ကြီးအေးဂျင့် ရိုမာနိုရဲ့ အတည်ပြုပြောကြားချက်တွေအရ အန်ဆလော့တီဟာ ဘရာဇီးနည်းပြသစ် ဖြစ်လာဖို့က သေချာသလောက်ရှိနေပြီလို့ သိရပါတယ်။

ဘရာဇီးအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန်ပွဲတွေကို အန်ဆလော့တီက ဆက်လက်တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။အန်ဆလော့တီဟာ ရီးရဲလ်အသင်းကို ဒုတိယအကြိမ်မြောက် တာဝန်ယူပြီးနောက်မှာ အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ် စွမ်းဆောင်ပြခဲ့ပေမယ့် အခုရာသီ ရီးရဲလ်အသင်း မတည်မငြိမ်ဖြစ်မှုတွေကြောင့် ၂၀၂၆ အထိ စာချုပ်ရှိပေမယ့် ရာသီအကုန်မှာ ထွက်ခွာရဖွယ် ရှိနေတာဖြစ်ပါတယ်။