မန်စီးတီးအသင်းဟာ ဝုဗ်အသင်းရဲ့ ဘယ်နောက်ခံလူ အိန့်နော်ရီကို ပေါင် ၃၁ သန်းနဲ့ ခေါ်ယူလိုက်ပြီလို့ အတည် ပြု လိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အယ်ဂျီးရီးယား ဘယ်နောက်ခံလူအိန့်နော်ရီဟာ မန်စီးတီး အသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ အသင်းနဲ့ ပူးပေါင်းနိုင်မယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ဇွန်လ ၁၈ ရက်မှာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် မော်ရိုကိုကလပ် ဝိုင်ဒက် AC အသင်းနဲ့ ကစားရမှာပါ။ အိန့်နော်ရီဟာ ၂၀၂၁ မှာ ပြင်သစ်ကလပ် အန်းဂါးစ်အသင်းကနေ ဝုဗ်အသင်းကို ပေါင် ၁၄ ဒသမ ၉ သန်းနဲ့ရောက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဝုဗ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၅ ဂိုး သွင်းယူပေးခဲ့ ကာ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မန်စီးတီးအသင်းဟာ ကာလရှည် ပြဿနာတစ်ခုလိုဖြစ်နေတဲ့ ဘယ်ခြမ်းခံစစ်အတွက် အိန့်နော်ရီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းက ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဒီလိုအသင်းမှာ ကစားရဖို့ဆိုတာက အိပ်မက် တစ်ခုပါပဲလို့ မန်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ဆိုအပြီးမှာ အိန့်နော်ရီက ပြောသွားပါတယ်။ မန်စီးတီးအသင်းဟာ အခုနွေရာသီမှာ အသင်းကို အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး အေစီမီလန် ကွင်းလယ်လူ ရိန်းဒါးစ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရထားသလို လိုင်ယွန်ကွင်းလယ်ကစားသမား ချာကီးကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။