အာဆင်နယ်အသင်းနဲ့ မန်ယူကစားသမားဟောင်း ဗန်ပါစီဟာ နယ်သာလန်ကလပ် ဖီယင်နုအသင်းနည်းပြ ဖြစ် လာဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၄၁ နှစ်အရွယ် ဗန်ပါစီဟာ အခုရာသီမှာ နယ်သာလန်ကလပ် ဟီရန်ဗင်းအသင်းနဲ့အတူ နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။

ဟီရန်ဗင်းအသင်းကို တာဝန်ယူခဲ့တဲ့ ၂၆ ပွဲမှာ ၉ ပွဲနိုင် ၆ ပွဲသရေနဲ့ ၁၁ ပွဲရှုံး မှတ်တမ်း ရရှိထားတဲ့ ဗန်ပါစီကို နည်းပြလက်မဲ့ဖြစ်နေတဲ့ ဖီယင်နုအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ကို ကြိုးစားလာခဲ့တာပါ။ ဖီယင်နုအသင်းဟာ ရလဒ်ဆိုးတွေကြောင့် အခုတစ်ပတ် အစောပိုင်းမှာပဲ နည်းပြ ပရစ်စကီးကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဗန်ပါစီဟာ ဖီယင်နုအသင်းနဲ့ အတူ ၂၀၀၁ မှာ ကစားသမားဘဝစတင်ခဲ့ပြီး အဲဒီနောက် အာဆင်နယ်၊ မန်ယူနဲ့ ဖီနာဘာချီအသင်းတွေကို သွားရောက် ကစားခဲ့ပါတယ်။

၂၀၁၇ မှာ ဖီယင်နုအသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ၂၀၁၉ မှာ ကစားသမားဘဝကနေ အနားယူသွားခဲ့တာပါ။ ကစားသမားဘဝက အနားယူပြီးနောက် ဖီယင်နုလူငယ်အသင်း တွေကို တာဝန်ယူခဲ့ပြီး ၂၀၂၄ မေလမှာ ဟီရန်ဗင်းအသင်းကို နည်းပြအဖြစ်တာဝန်ယူဖို့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ ပါတယ်။ သတင်းတွေအရ ဖီယင်နုအသင်းဟာ နည်းပြဗန်ပါစီရဲ့ စာချုပ်ဖျက်သိမ်းကြေးအတွက် ဟီရန်ဗင်းအသင်း နဲ့ သဘောတူညီမှုရထားပြီလို့ သိရပါတယ်။