အသင်းအတွက် ကွင်းလယ်လူ ဖာနန်ဒက်စ်လို ကစားသမားတွေ ပိုလိုအပ်တယ်လို့ မန်ယူနည်းပြ အမ်မိုရင်က အာဆင်နယ်အသင်းနဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာ အာဆင်နယ်အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေးမှုကို ခံခဲ့ရပေမယ့် ပထမပိုင်း မပြီးခင်မှာပဲ ဖာနန်ဒက်စ်က အလွတ် တည်ကန်ဘောကနေ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာပါ။

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ အသင်းခံစစ်ရော တိုက်စစ်ကိုပါ ပွဲချိန်တစ်လျှောက် လိုက်ပါကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ ဖာနန်ဒက်စ်လို ကစားသမားမျိုးတွေ ရှိမယ်ဆိုရင် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ မျိုးတွေ ကြုံနေလိမ့်မယ်မဟုတ်ဘူးလို့ မန်ယူနည်းပြ အမ်မိုရင်က ပြောသွားခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဖာနန်ဒက်စ်ဟာ အခုရာသီ မန်ယူအသင်းရဲ့ မတည်မငြိမ် ဖြစ်နေတာတွေနဲ့ပတ်သက်လို့ ဝေဖန်တာတွေခံခဲ့ရပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဖာနန်ဒက်စ်နဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ဖူးပြီး အဲဒီတုန်းကလည်း နည်းပြအမ်မိုရင်က ဖာနန်ဒက်စ် အမှားတွေလုပ်မိတာ ရှိနိုင်ပေမယ့် အသင်းအတွက်တော့ အကောင်းဆုံး ပေးဆပ်ကစားနေတယ်ဆိုတာ သံသယရှိစရာမလိုဘူးဆိုပြီး ရွိုင်ကိန်းရဲ့ဝေဖန်မှုအပေါ် တုံ့ပြန် ထားခဲ့ဖူးပါတယ်။