လေဗာကူဆင်အသင်းဟာ လူငယ်ကြယ်ပွင့် ကစားသမား ဖလိုရီယန်ဝှစ်ဇ်ကို ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်လက်လွှတ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဝှစ်ဇ်ဟာ စနေညက ဝါဒါဘရီမင်အသင်းကို ရှုံးနိမ့်တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ လူးစာလဲခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနောက် ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ ခြေကျင်းဝတ်အရွတ်ဒဏ်ရာလို့သိရပြီး ပြန်ကစားနိုင်မယ့် ကာလကိုတော့ အတိအကျမခန့်မှန်းနိုင်ဘူးလို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဖလိုရီယန်ဝှစ်ဇ်ဟာ အခုရာသီ ဘွန်ဒက်စ်လီဂါ မှာ လေဗာကူဆင်အသင်းအတွက် ၉ ဂိုးသွင်းပြီး ၁၀ ဂိုးဖန်တီးပေးထားတာကြောင့် အသင်းအတွက် အရေးပါတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒဏ်ရာရခဲ့တာကြောင့် ဖလိုရီယန်ဝှစ်ဇ်ဟာ အခုလထဲမှာ အီတလီအသင်းနဲ့ ကစားရမယ့် ဂျာမနီအသင်းရဲ့ နေးရှင်းလိဂ်ကွာတားဖိုင်နယ် နှစ်ကျော့စလုံးကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

ဖလိုရီယန်ဝှစ်ဇ်အနေနဲ့ ဧပြီလ ၁ ရက်နေ့မှာကစားရမယ့် ဘီလီဖီးလ်အသင်းနဲ့ ပိုကယ်ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ပြန်ပါနိုင်ဖို့တောင် မလွယ်ဘူးလို့ သိရပါတယ်။ အသင်းအတွက် အရေးကြီးတဲ့အချိန်မှာ ဝှစ်ဇ်ကို ဆုံးရှုံးရတာက ကြီးမားတဲ့ ထိခိုက်မှုဖြစ်စေပါတယ်လို့ လေဗာကူဆင်အသင်း အားကစားဒါရိုက်တာ ရူဖက်စ်က ပြောကြားထားပါတယ်။