ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်နိုင်ဖို့အတွက် အာဆင်နယ်အသင်းအနေနဲ့ ပဲရစ်မှာ ကစားမယ့် ဒုတိယအကျော့ပွဲမှာ ထူးခြားတဲ့ စွမ်းဆောင်မှုတွေ ပြသနိုင်ဖို့ လိုအပ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲမှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် နောက် တစ်ပတ် ပဲရစ်မှာ ကစားမယ့် ဒုတိယအကျော့ပွဲမှာ အာဆင်နယ်အသင်း အနိုင်ရဖို့ လိုအပ်ခဲ့တာဖြစ်ပြီး နည်းပြ အာတီတာကတော့ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်ချင်တယ်ဆိုရင် သာမန် စွမ်းဆောင်ရည်လောက်နဲ့ မရဘဲ ထူးခြားတဲ့ စွမ်းဆောင်ရည် လိုအပ်ပါတယ်လို့ အာတီတာက ပွဲအပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ မရှိခဲ့သေးဘဲ အခုတစ်ကြိမ်မှာလည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် ပီအက်စ်ဂျီအိမ်ကွင်းမှာ အနိုင် ကစားပြနိုင်ဖို့ လိုအပ်လာခဲ့တာဖြစ်ပါတယ်။