ပေါင်ခြံဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မယ့် နောက်ခံလူ တင်းဘားရဲ့နေရာမှာ ဂီယာထရူဒါကို အစားထိုးခေါ်ယူလိုက်တယ်လို့ နယ်သာလန်အသင်း သတင်းထုတ်ပြန်ပါတယ်။ အာဆင်နယ်နောက်ခံလူ တင်းဘားဟာ ပေါင်ခြံဒဏ်ရာကြောင့် မတ်လလယ်လောက်ထဲက အနားယူနေရတာဖြစ်ပြီး မေလ ၃၀ ရက်နေ့က ဘူဒါပက်စ်မြို့မှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဒုတိယပိုင်း ဝင်ရောက်ကစားပေးခဲ့ ပါတယ်။

အသက် ၂၄ နှစ်အရွယ် တင်းဘားဟာ အာဆင်နယ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲချိန် ၆၆ မိနစ်မှာ ဝင်ရောက်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တနင်္လာနေ့က နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ တင်းဘားက ဒဏ်ရာအခြေအနေကနေ အပြည့်အဝပြန်မကောင်း သေးသလို ဆေးဘက်ဆိုင်ရာ ကုသမှုတွေ ခံယူရဦးမှာဖြစ်တာကြောင့် အသင်းလေ့ကျင့်မှုကနေ ပြန်လည်စေလွှတ် ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်လို့ ပါရှိပါတယ်။

၂၀၂၁ ဇွန်လမှာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးစတင်ကစားပေးခဲ့တဲ့ တင်းဘားဟာ လက်ရွေစင်အသင်းအတွက် ၂၃ ပွဲပါဝင်ကစားပေးထားတာ ဖြစ်ပါတယ်။ တင်းဘားနေရာမှာ အစားထိုးခေါ်ယူလိုက်တဲ့ အသက် ၂၅ နှစ်အရွယ် ဂီယာထရူဒါကတော့ ပြီးခဲ့တဲ့ ရာသီက လိုက်ပ်ဇစ်ကနေ ဆန်းဒါးလန်းကို အငှားလာရောက်ကစားခဲ့သူဖြစ်ပါတယ်။




