ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်မှုအတွက် ပရိသတ်တွေ အောင်ပွဲခံမှုအတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၂ ယောက် သေဆုံးပြီး ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ပဲရစ်မြို့တောင်ပိုင်းက အောင်ပွဲခံမှုမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက် ဓားဒဏ်ရာနဲ့ အသက်ဆုံးရှုံးခဲ့ရသလို အသက် ၂၃ နှစ်အရွယ် လူငယ် တစ်ယောက်လည်း ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

စနေညတစ်ညလုံး ပဲရစ်မြို့ရဲ့ နေရာအနှံ့မှာ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပြီး တချို့နေရာတွေမှာတော့ အကြမ်းဖက်တဲ့ပုံစံမျိုးတွေ ရှိခဲ့လို့ ပဲရစ်ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းရတာမျိုးတွေ ရှိခဲ့ပါတယ်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီဌာနရဲ့ ထုတ်ပြန်ချက် အရ တနင်္ဂနွေ မနက်ပိုင်းအထိ ၁၉၂ ယောက် ဒဏ်ရာရခဲ့ပြီး ၅၅၉ ယောက်ကို ထိန်းသိမ်းထားတယ်လို့ သိရပါ တယ်။ ရဲတပ်ဖွဲ့ဝင် ၂၂ ယောက်နဲ့ မီးသတ်သမား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး မော်တော်ယာဉ် ၂၆၄ စီး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ဒီဖြစ်ရပ်တွေကို ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်တွေက အသင်းရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေသလို အသင်းကိုအားပေးတဲ့ ပရိသတ်တွေလုပ်ရမယ့် လုပ်ရပ်မျိုးလည်း မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်းကလည်း ဒီလို အကြမ်းဖက် လုပ်ရပ်တွေကို လက်ခံနိုင်စရာမရှိသလို ပါဝင်ပတ်သက်သူတွေကိုလည်း အရေးယူ အပြစ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။