ဘောလုံးနည်းပြတွေထဲမှာ သူလေးစားအားကျရတဲ့ နည်းပြ ပယ်လီဂရီနီနဲ့ ကွန်ဖရင့်စ်လိဂ် ဖိုင်နယ်မှာ ထိပ်တိုက် ဆုံတွေ့ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိတယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်း နဲ့ နည်းပြ ပယ်လီဂရီနီရဲ့ ဘက်တစ်အသင်းတို့ဟာ မေလ ၂၈ ရက် ပိုလန်နိုင်ငံ ဝရိုခလောမြို့မှာ ကွန်ဖရင့်စ်လိဂ် ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မာရက်စ်ကာဟာ ဝါရင့်နည်းပြ ပယ်လီဂရီနီ လက်အောက်မှာ ကစားသမားအဖြစ်နဲ့ မာလာဂါအသင်းမှာ ကစားခဲ့ဖူးသလို ဝက်စ်ဟမ်းအသင်းကို ပယ်လီဂရီနီ တာဝန်ယူချိန်မှာ လက်ထောက်နည်းပြအဖြစ်နဲ့ လက်တွဲခဲ့ဖူးတာ ဖြစ်ပါတယ်။ ပယ်လီဂရီနဲ့ ကစားသမားအဖြစ်ရော နည်းပြဘဝမှာ ပါ ဆက်စပ်မှုတွေရှိခဲ့သလို အခုချိန်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်တွေ့ရတော့မှာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိ ပါတယ်လို့ မာရက်စ်ကာက ပြောသွားခဲ့တာပါ။

ဝက်ဟမ်းအသင်းမှာ ပယ်လီဂရီနီရဲ့လက်ထောက်နည်းပြအဖြစ် ရှိနေခဲ့စဉ်မှာ နည်းပြဘဝအတွက် လေ့လာသင်ယူစရာတွေကို ပယ်လီဂရီနီဆီကနေ သင်ယူခဲ့ရတာဖြစ်တယ်လို့ လည်း မာရက်စ်ကာက ပြောခဲ့ပါတယ်။ ဘက်တစ်အသင်းဟာ နည်းပြပယ်လီဂရီနီရဲ့ ဦးဆောင်မှုနဲ့အတူ အသင်း သမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။