ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ ဘုရင့်ဖလားဗိုလ်လုပွဲမှာ ကွင်းအတွင်း အရာဝတ္တုတွေ ပစ်ပေါက်ခဲ့တဲ့ ရီးရဲလ်နောက်ခံလူ ရူဒီဂါကို စပိန်ဘောလုံးအဖွဲ့ချုပ်က ၆ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ပွဲပြီးကာနီး ရီးရဲလ်အသင်းတိုက်စစ် ဆင်လာချိန်မှာ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရီးရဲလ် အရန်ခုံတန်းက ကစားသမားတွေက ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကွင်းထဲအထိ ဝင်ရောက်လာခဲ့တဲ့ ဗက်စ်ကွက်ဇ်ကို ကွင်းလယ်ဒိုင်က အနီကတ်ပြသခဲ့သလို ကွင်းလယ်ဒိုင်ဆီကို ရေခဲတုံးနဲ့ ပစ်ပေါက်ခဲ့တဲ့ ရူဒီဂါကိုလည်း အနီကတ် ပြသခဲ့တာပါ။ ကွင်းလယ်ဒိုင်ရဲ့ အစီရင်ခံစာမှာလည်း ရီးရဲလ် နည်းစနစ် အရန်ခုံတန်းကနေ သူ့ဆီကို အရာဝတ္တုနဲ့ ပစ်ပေါက်တာတွေရှိခဲ့ပြီး ထိခိုက်မှုတော့ မရှိခဲ့ပါဘူးလို့ ပါရှိခဲ့တာကြောင့် စပိန်ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းကမ်းချက်အရ အမြင့်ဆုံးဖြစ်တဲ့ ၆ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ရီးရဲလ် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ရဲ့ အနီကတ်ပြစ်ဒဏ်ကိုတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က ပယ်ဖျက်ပေး လိုက်ပါတယ်။ ရူဒီဂါရဲ့ ပွဲပယ်ပြစ်ဒဏ် ထွက်ပေါ်လာပြီးနောက်မှာ ရီးရဲလ်အသင်းက နောက်ခံလူ ရူဒီဂါဟာ ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရူဒီဂါရဲ့ ဒူးဒဏ်ရာက ခွဲစိတ်မှုခံယူရဖို့အထိ ရှိနိုင်တယ်လို့ ရီးရဲလ်အသင်း ကြေညာချက်မှာ ရေးထားပါတယ်။