တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ရဲ့ ကြိုးစားမှုအပေါ် အားမရတဲ့အတွက် မန်စီးတီးအသင်းနဲ့ပွဲမှာ အရန်ခုံ ပို့ထားခဲ့တာ ဖြစ်တယ်လို့ လီဗာပူးနည်းပြ စလော့က ရှင်းပြသွားခဲ့ပါတယ်။ ဗီလာအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ သေချာ ပေါက်ဂိုးရမယ့် အခွင့်အရေးကို လွဲချော်ခဲ့တဲ့ နူနက်ဇ်ရဲ့ အပြုအမူအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့သလို နည်းပြ စလော့ ကိုယ်တိုင်လည်း မပျော်မရွှင် ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့်လည်း အသင်းအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ၂ ပွဲက နူနက်ဇ်ရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်တိုင်းမကျဘူးလို့ စလော့ဘက်က ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ အခွင့်အရေး တွေ ဆက်တိုက်လွဲချော်ခဲ့တယ်ဆိုတာက အပြည့်အဝ အားမထုတ်တဲ့သဘောဖြစ်သလို အသင်းအတွက် အပြည့် အဝ မပေးဆပ်ချင်တဲ့ ကစားသမားကို လက်မခံနိုင်ပါဘူးလို့လည်း စလော့က ပြောသွားခဲ့ပါတယ်။

တကယ်လို့ အခွင့်အရေး လွဲချော်ခဲ့တယ်ဆိုရင်တောင် အသင်းအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်တဲ့ ကစားသမားပဲ ဖြစ်သင့်တယ်လို့ စလော့က ပြောသွားခဲ့ပြီး နူနက်ဇ်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်ရဖို့ ကြိုးစားသင့်ပါ တယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။ ဘင်ဖီကာအသင်းနဲ့အတူ ဘောလုံးရာသီ ၂ ခုအတွင်း ၄၈ ဂိုးအထိ သွင်းယူ ပေးခဲ့တဲ့ နူနက်ဇ်ဟာ ၂၀၂၂ မှာ လီဗာပူးအသင်းကို ယူရို သန်း ၁၀၀ နဲ့ရောက်ရှိလာပြီးနောက်ပိုင်း ၃၉ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။