မန်စီးတီးကွင်းလယ်မှာ ကစားပေးနိုင်ဖို့အတွက် အခုထက် ပိုမိုတိုးတက်ဖို့ လိုအပ်တယ်လို့ ကွင်းလယ်လူ နူနက်စ် ကို နည်းပြ ဂွါဒီယိုလာက သတိပေးသွားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နူနက်စ်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လက ဝုဗ်အသင်းကနေ မန်စီးတီးအသင်းကို ပေါင် ၅၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ နူနက်စ်ကို အဲဒီအချိန်က အသင်းကနေ ထွက်ခွာသွားတဲ့ ဝါရင့်ကွင်းလယ်လူ ဂန်ဒိုဂန်ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူထားခဲ့တာဖြစ်ပေမယ့် မန်စီးတီးအသင်းမှာ နူနက်စ်အနေနဲ့ ရုန်းကန်ခဲ့ရသလို ပုံမှန် ပွဲထွက်ခွင့် လည်း မရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကို ရောက်လာပြီးနောက် နူနက်စ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၆၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး မန်ယူအသင်းနဲ့ မန်ချက်စတာဒါဘီမှာတော့ နည်းပြ ဂွါဒီယိုလာက နူနက်စ်ကို ညာနောက်ခံလူနေရာမှာ အသုံးပြုခဲ့ပါတယ်။

အခုလို နူနက်စ်ကို ညာနောက်ခံလူ နေရာမှာ အသုံးပြုရတာက နူနက်စ်အနေနဲ့ ကွင်းလယ်မှာ ကစားဖို့အတွက် လုံလောက်တဲ့ လိမ္မာပါးနပ်မှု မရှိတာကြောင့်ဖြစ်တယ်လို့ ဂွါဒီယိုလာက ဖြေရှင်းသွားခဲ့ပါတယ်။မန်ချက်စတာဒါဘီပွဲက နူနက်စ်ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ နည်းပြဂွါဒီယိုလာက ကျေနပ်နေပြီး လာမယ့်ပွဲတွေမှာလည်း ဆက်ပြီးအသုံးပြုဖွယ်ရှိနေတယ်လို့ သိရပါတယ်။