နီပေါနိုင်ငံမှာ ကျင်းပတဲ့ လေးနိုင်ငံ ဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်၊ ညပိုင်းက ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အိမ်ရှင် နီပေါအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ ရူပါခိုင်နဲ့ ၆၄ မိနစ်မှာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အုပ်စုပွဲစဉ်တွေမှာ လက်ဘနွန်အသင်းကို (၃)ဂိုး-(၁)ဂိုး၊ ကာဂျစ္စတန် အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ကာ အိမ်ရှင် နီပေါအသင်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့ပေမယ့် အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး အုပ်စု ဒုတိယရတဲ့ နီပေါအသင်းနဲ့ ဗိုလ်လုပွဲမှာ ထပ်မံယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ အခု ၂၀၂၅ ခုနှစ် အတွင်း အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၊ အမျိုး သမီး အာရှဖလားခြေစစ်ပွဲနဲ့ (၃၃)ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။