နီပေါနိုင်ငံမှာ ကျင်းပတဲ့ လေးနိုင်ငံ ဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း က လက်ဘနွန်နဲ့ကာဂျစ္စတန် အသင်းတွေကို ဂိုးပြတ် အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ပထမပွဲစဉ်မှာ လက်ဘနွန် အသင်းကို (၃)ဂိုး-(၁)ဂိုး၊ ဒုတိယပွဲစဉ်မှာ ကာဂျစ္စတန်အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကောင်းမွန်နေပြီး လူငယ်သွေးသစ် ကမားသမားတွေလည်း ပေါ်ထွက်လာတာကြောင့် လာမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှု အားကောင်းနိုင်တယ်လို့ မြန်မာ့လက်ရွေးစင် ဟောင်းကြီး တစ်ယောက်ဖြစ်တဲ့ ဦးတင်မြင့်အောင်က သုံးသပ်ပြောကြားပါတယ်။

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ အိမ်ရှင် နီပေါအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပတဲ့ ပုံစံအရ လေးသင်းပတ်လည်ကစားပြီး အမှတ်အများဆုံး နှစ်သင်းက ဗိုလ်လုပွဲ ပြန်လည်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကတော့ အခုနှစ်အတွင်း အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၊ အမျိုး သမီး အာရှဖလားခြေစစ်ပွဲနဲ့ (၃၃)ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။