နယူကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးကစားသမားတွေ နိုင်လိုစိတ် နည်းခဲ့တယ် ဆိုတဲ့ ပြောကြားမှုတွေကို လီဗာပူးနည်းပြ စလော့က ငြင်းဆိုခဲ့ပါတယ်။ တနင်္ဂနွေညက ကစားခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းသားတွေဟာ အသင်းရဲ့ နှစ်ပေါင်း ၆၀ ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ချင်တဲ့ နိုင်ပွဲဆာလောင်စိတ်က ပိုမိုပြင်းထန်ခဲ့တာကြောင့် လီဗာပူးအသင်းကို အနိုင်ရခဲ့ တာဆိုပြီး သုံးသပ်မှုတွေ ရှိနေတာပါ။

နည်းပြစလော့ကတော့ နယူးကာဆယ်အသင်းသားတွေလိုပဲ လီဗာပူး အသင်းသားတွေ လည်း နိုင်ပွဲဆာလောင်စိတ်အပြည့်နဲ့ ကစားခဲ့တာဖြစ်ပြီး ပထမပိုင်း မပြီးခင်မှာ ဦးဆောင်ဂိုး ရသွားခဲ့တာက နယူး ကာဆယ်အသင်းသားတွေကို ခွန်အားပိုဖြစ်စေခဲ့ပါတယ်လို့ ပွဲအပြီးမှာ သုံးသပ်သွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ တစ်ပတ်အတွင်းမှာပဲ ပြိုင်ပွဲစုံ ၂ ပွဲဆက်တိုက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်သလို ဆုဖလား ၂ လုံး မျှော်လင့်ချက်ကို လည်း ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။

ဒီလို ၂ ပွဲဆက်ရှုံးနိမ့်မှုဟာ လီဗာပူးအသင်းအတွက် အခုရာသီ ပထမဆုံး ဖြစ်သလို ဒီအခြေအနေကို လာမယ့်ပွဲမှာ ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်လို့ စလော့က ပြောသွားခဲ့ပါ တယ်။ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက အာဆင်နယ်ကို ၁၂ မှတ်ဖြတ်ထားနိုင်တဲ့ လီဗာပူးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဧပြီလ ၃ ရက်မှာ မာဆေးဆိုက်ဒ်ဒါဘီအဖြစ် အဲဗာတန် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။