ပရီးမီးယားလိဂ်ကနေ တန်းဆင်းရဖို့ သေချာသွားပြီးနောက် ဆောက်သမ်တန်အသင်းဟာ နည်းပြ ဂျူရစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ ဧပြီလ ၇ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ တနင်္ဂနွေနေ့က စပါးအသင်း ကို ရှုံးနိမ့်ပြီးနောက် ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ် ရာသီသိမ်းဖို့ ၇ ပွဲအလိုမှာပဲ တန်းဆင်းရဖို့ သေချာ သွားခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားလူမျိုးနည်းပြ ဂျူရစ်ဟာ ၂၀၂၄ ဒီဇင်ဘာမှာ ထုတ်ပယ်ခံရတဲ့ နည်းပြ မာတင်ရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့ပြီး ဆောက်သမ်တန်နည်းပြသစ် ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ ဆောက်သမ် တန်အသင်းက ဂျူရစ် လက်ထက် ၁၆ ပွဲကစားခဲ့ရာမှာ ၂ ပွဲသာအနိုင်ရခဲ့ပြီး ၁၃ ပွဲအထိ ရှုံးနိမ့်ခဲ့သလို ပရီးမီးယား လိဂ်မှာပါ အစောဆုံးတန်းဆင်းရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ၁၈ လ စာချုပ် ချုပ်ဆိုထားပေမယ့် ဂျူရစ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆောက်သမ်တန်အသင်း ဆုံးဖြတ်ခဲ့တာပါ။ ဆောက်သမ်တန်အသင်းကို ရာသီကုန်အထိ ဆိုင်မွန်ရပ်စ်က ယာယီနည်းပြအဖြစ် တာဝန်ယူ သွားမှာဖြစ်ပြီး ကွင်းလယ်ကစားသမား လယ်လာနာက လက်ထောက်နည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။