အခုတစ်ပတ်ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဂျင်းတီးနား ပြည်တွင်းပြိုင်ဘက်ကြီး ရေးဗားပလိတ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဘိုကာဂျူနီယာအသင်းဟာ နည်းပြ ဂါဂိုကို အင်္ဂါနေ့က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အာဂျင်တီးနား စူပါ ကလပ်စီကို ပွဲမှာ ရေးဗားပလိတ်အသင်းကို ဘိုကာဂျူနီယာအသင်း ၂ ဂိုး-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ဂါဂိုနဲ့ လမ်းခွဲမှုကို ဘိုကာဂျူနီယာအသင်း တာဝန်ရှိသူ ဆာနာက အတည်ပြုသွားခဲ့တာပါ။ ဘိုကာဂျူနီယာ အသင်းအတွက် နည်းပြဂါဂိုရဲ့ ကြိုးစားအားထုတ်မှုတွေကို ကျေးဇူးတင်သလို အသင်းက အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီလို့ ခံစားမိတာကြောင့် အခုလိုမျိုး နည်းပြအပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဘိုကာ ဂျူနီယာအသင်း ကြေညာချက်မှာ ရေးထားပါတယ်။

ကိုပါလစ်ဘာတေးဒိုးစ်ပြိုင်ပွဲမှာ အစောပိုင်းအဆင့်ကနေ ထွက်ခဲ့ရတဲ့ ဘိုကာဂျူနီယာအသင်းအတွက် ရေးဗားပလိတ်ကို ရှုံးနိမ့်မှုက နောက်ထပ်စိတ်ပျက်စရာရလဒ် ဖြစ်ခဲ့ရပါတယ်။ ရီးရဲလ်ကစားသမားဟောင်းဖြစ်တဲ့ ဂါဂိုဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ ဘိုကာဂျူနီယာ အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး သူ့လက်ထက် ပွဲ ၃၀ မှာ ၁၇ ပွဲနိုင် ၅ ပွဲသရေ ၈ ပွဲရှုံးရလဒ် ရရှိထား တာဖြစ်ပါတယ်။