အခုရာသီအကုန်မှာ ရီးရဲလ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ နည်းပြ အန်ဆလော့တီနဲ့ ဘရာဇီးဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူတွေ အခုတစ်ပတ်ထဲ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ရှိနေပေမယ့် အခုရာသီ ရီးရဲလ်အသင်းရဲ့ ယိမ်းယိုင်မှုတွေကြောင့် နည်းပြအန်ဆလော့တီရဲ့ အနာဂတ် ကလည်း လှုပ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကလည်း ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ အသင်းနဲ့လမ်းခွဲသွားခဲ့တဲ့ နည်းပြ တီတီရဲ့နေရာမှာ အန်ဆလော့တီကို ခန့်အပ်ဖို့ ကြိုးစားခဲ့သေးပေမယ့် အန်ဆလော့တီက ရီးရဲလ်နဲ့ စာချုပ်သစ် ချုပ်သွားခဲ့လို့ ဒိုရီဗယ်ဂျူနီယာကို နည်းပြအဖြစ် ခန့်အပ်ခဲ့ရတာဖြစ်ပါ တယ်။ ဒါပေမဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ရလဒ်ဆိုးတွေကြောင့် နည်းပြ ဒိုရီဗယ်ကိုလည်း ပြီးခဲ့တဲ့လကမှ ရာထူးကနေ ထုတ်ပယ်ထားကာ နည်းပြသစ်ရှာဖွေနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ဆော်ဒီကလပ် အယ်ဟီလယ် အသင်းကို တာဝန်ယူနေတဲ့ ပေါ်တူဂီလူမျိုးနည်းပြ ဂျော့ချ်ဂျီးဆပ်ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဂျီးဆပ်ကတော့ အယ်ဟီ လယ်အသင်းနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ စာချုပ်သက်တမ်း ရှိနေတာဖြစ်ပါတယ်။