ရလဒ်ဆိုးတွေကြောင့် ပရိသတ်တွေဘက်က ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် စပါးအသင်းဟာ နည်းပြ အန်ဂျီကိုပဲ ဆက်ပြီးထောက်ခံမှုပေးသွားမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေအရသိရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေ ညက လက်စတာအသင်းကို ရှုံးနိမ့်ပြီးနောက် စပါးအသင်းပရိသတ်တွေဟာ နည်းပြအန်ဂျီကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြသလို စပါးအသင်း ဥက္ကဋ္ဌ လီဗိုင်းကိုလည်း လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ လီဗိုင်း လက်ထက် ၂၄ နှစ်တာအတွင်း စပါးအသင်းနည်းပြ ၁၆ ယောက်အထိပြောင်းလဲ့ခဲ့ပေမယ့် ဆုဖလား ၁ လုံးသာ ရရှိခဲ့တဲ့အပေါ် စပါးပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

စပါးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ ၁ပွဲသာအနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၅ မှာရပ်တည်နေတာကြောင့်လည်း အသင်းပရိသတ်တွေဟာ ရလဒ်ဆိုးတွေအပေါ် စိတ်ပျက်နေတာဖြစ်ပါတယ်။နည်းပြအန်ဂျီကတော့ စပါးအသင်းအခုလိုရလဒ်ဆိုးနေတာက အသင်းကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရမှုကြောင့်လို့ အကြောင်းပြထားပြီး အသင်းနဲ့ဆက်လက်လက်တွဲခွင့်ရမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။