၁၇ နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ပေးခဲ့ပြီး အသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ အန်ဂျီကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်က ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ လီဗိုင်းက ဝန်ခံသွား ခဲ့ပါတယ်။ ဩစတြေးလျလူမျိုးနည်းပြ အန်ဂျီဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ယူအသင်းကို အနိုင်ရပြီး ၁၆ ရက် အကြာမှာ စပါးနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာပါ။

နည်းပြ အန်ဂျီဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးခဲ့ မှုအတွက် ပေးဆပ်လိုက်ရတာဖြစ်ပြီး စပါးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က နည်းပြ အန်ဂျီကို စပါးနည်းပြအဖြစ် ခန့်အပ်ခဲ့မှု အတွက် နောင်တမရသလို နည်းပြအန်ဂျီအနေနဲ့ အကောင်းဆုံးကြိုးစားပြီး ဆုဖလားတစ်လုံးယူပေး နိုင်ခဲ့တဲ့ အတွက် ကျေးဇူးတင်တယ်လို့ လီဗိုင်းက ပြောသွားခဲ့ပါတယ်။ ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် အပြောင်းအလဲတစ်ခုလုပ်ဖို့ လိုအပ်လာခဲ့တဲ့အတွက် နည်းပြအပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ လည်း လီဗိုင်းက ရှင်းပြသွားခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်ဟာ အသင်းဥက္ကဋ္ဌအဖြစ် လီဗိုင်း တာဝန်ယူခဲ့တဲ့ ၂၅ နှစ် တာ ကာလအတွင်း စပါးအသင်းရဲ့ ၁၃ ယောက်မြောက်နည်းပြ ဖြစ်ပါတယ်။ လီဗိုင်းရဲ့ အလွယ်တကူ ဆုံးဖြတ် ချက် ချမှုတွေအပေါ် စပါးအသင်း ပရိသတ်တွေက ဝေဖန်နေကြပြီး လီဗိုင်းကတော့ သူယူထားတဲ့တာဝန်က အလွန်ကြီးမားသလို ဖိအားတွေလည်း အများကြီးရှိတယ်လို့ ပြောသွားခဲ့ပြီး စပါးအသင်းရဲ့ ရည်မှန်းချက်က အောင်မြင်မှုတွေ ရယူနိုင်ဖို့ဖြစ်ပါတယ်လို့ ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။