ရာသီကုန်အထိ ချဲလ်ဆီးအသင်းမှာ နည်းပြမာရက်စကာ ဆက်ရှိဖို့ ရာနှုန်းပြည့်သေချာတယ်လို့ ချဲလ်ဆီးအသင်း ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဂိုးစတိန်းက အတည်ပြုသွားခဲ့ပါတယ်။ လက်တလော အသင်းရဲ့ ရလဒ်တွေ ဆိုးရွား နေတဲ့အတွက် နည်းပြမာရက်စကာရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ပြီး အထုတ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်လာခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၉ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့သလို ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာလည်း ၃ ပွဲသာ အနိုင်ရခဲ့တာဖြစ်လို့ အသင်းစွမ်းဆောင်ရည်နဲ့ မာရက်စကာရဲ့ ဦးဆောင်နိုင်မှုကို ပရိသတ်တွေက မေးခွန်းထုတ်လာကြပါတယ်။ ချဲလ်ဆီးအသင်း ဒါရိုက်တာဖြစ်သလို ပူးတွဲ ပိုင်ရှင်လည်းဖြစ်တဲ့ ဂိုးစတိန်းက မာရက်စကာဟာ အသင်းကို ရောက်လာပြီးနောက်ပိုင်း တိုးတက်မှုတွေ ရှိလာ အောင် စွမ်းဆောင်ပြထားတဲ့အတွက် အသင်းမှာ ဆက်ရှိနေမှာ သေချာပါတယ်လို့ ပြောသွားခဲ့ပါတယ်။

၂၀၂၂ မှာ အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းဟာ နည်းပြနှစ်ယောက်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။အီတလီလူမျိုးနည်းပြ မာရက်စကာဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကမှ ၅ နှစ်စာချုပ်နဲ့ ချဲလ်ဆီးအသင်းကို ရောက်လာခဲ့ တာဖြစ်ပြီး နောက်ထပ် ၁ နှစ် အလိုအလျောက်သက်တမ်းတိုးဖို့ကိုပါ သဘောတူထားတာဖြစ်ပါတယ်။