အသင်းရလဒ်တွေဆိုးနေသလို ဝေဖန်မှုတွေမြင့်တက်နေပေမဲ့ နည်းပြမာရက်စကာကို ချဲလ်ဆီးအသင်းအနေနဲ့ ထုတ်ပယ်ဖို့ အစီအစဉ်မရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက် တန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ မာရက်စကာရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပိုမိုလှုပ်ခတ်လာခဲ့တာဖြစ်ပြီး ချဲလ်ဆီး ပရိသတ်အချို့ကလည်း မာရက်စကာကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ဟာ နည်းပြ မာရက်စကာလက်ထက် ပထမရာသီဝက်မှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပေမယ့် အခု ဒုတိယ ရာသီ ဝက်မှာတော့ ရလဒ်တွေ ဆိုးနေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားခဲ့တာပါ။ ဒါ့ကြောင့် လည်း အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာက မန်စီးတီးအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၆ နေရာအထိ ကျဆင်း သွားခဲ့ရပါတယ်။

ဒါပေမဲ့ ဘောလုံးအပြောင်းအရွှေ့ဂုရု အီတလီနိုင်ငံသား ရိုမာနိုကတော့ ချဲလ်ဆီအသင်း တာဝန်ရှိ သူတွေအမြင်မှာ မာရက်စကာက နည်းပြရာထူးအတွက် အမှန်ကန်ဆုံးသူလို့ မြင်ထားဆဲဖြစ်လို့ မာရက်စကာရဲ့ အနာဂတ်အတွက် စိုးရိမ်စရာအခြေအနေ မရှိသေးဘူးလို့ သုံးသပ်ထားပါတယ်။ မာရက်စကာ ကိုယ်တိုင်ကလည်း ဘရိုက်တန်အသင်းနဲ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းက သူ့လက်ထက် အဆိုးရွားဆုံး ခြေစွမ်းဖြစ်ခဲ့တယ်လို့ ပြောထားခဲ့ပြီး ချဲလ်ဆီးနည်းပြဘဝက နေ့ရက်တိုင်း ဖိအားတွေရှိတယ်လို့ ဝန်ခံထားပါတယ်။