အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးပြီးနောက် နည်းပြကွန်တီဟာ အသင်းကနေ ထွက်တော့မှာဖြစ်တယ်လို့ နာပိုလီအသင်း ဥက္ကဋ္ဌ ဒီလော်ရန်းတစ်က အတည်ပြုသွားခဲ့ပါတယ်။

ကွန်တီဟာ နာပိုလီအသင်းနဲ့ ပထမဆုံး ရာသီမှာပဲ စီးရီးအေချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး မပြေလည်တာ ကြောင့် ရာသီအကုန်မှာ အသင်းကနေ ထွက်ဖို့များတယ်လို့ သတင်းတွေက ဖော်ပြနေခဲ့ကြတာဖြစ်ပြီး အခုချိန်မှာ တော့ ဒီသတင်းကို ဒီလော်ရန်းတစ်က အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့က အမိုးဖွင့် ဘက်စကားနဲ့ အောင်ပွဲခံမှုအပြီး ဂုဏ်ပြုပွဲမှာ ဒီလော်ရန်းတစ်က ကွန်တီအနေနဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ နောက်ထပ် အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဆုတောင်းပါတယ်ဆိုတဲ့ စကားမျိုး ပြောသွားခဲ့တာဖြစ်ပြီး ဒါက အသင်းကနေ ကွန်တီထွက်တော့မှာကို အတည်ပြုတဲ့သဘောမျိုးလည်း ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

သတင်းတွေအရ ကွန်တီဟာ အသင်းဟောင်း ဂျူဗင်တပ်အသင်းကို တာဝန်ယူဖွယ်ရှိနေပြီး ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီ ကတော့ နာပိုလီအသင်းနည်းပြသစ် ဖြစ်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ကလည်း ချန်ပီယံဖြစ်ပြီးနောက် နည်းပြ စပယ်လက်တီနဲ့ လမ်းခွဲခဲ့သလို အခုတစ်ကြိမ်မှာလည်း ချန်ပီယံဖြစ်ပြီး ရက်ပိုင်းအကြာမှာ နည်းပြကွန်တီနဲ့ လမ်းခွဲရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။