ပေါ်တူဂီလူမျိုးနည်းပြ ကွန်ဆေးဆောင်းနဲ့ ဆက်ပြီးလက်တွဲတော့မှာ မဟုတ်ဘူးလို့ အေစီမီလန်အသင်းဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလက နည်းပြဖွန်ဆီကာရဲ့နေရာကို ဆက်ခံခဲ့တဲ့ ကွန်ဆေးဆောင်းဟာ အေစီမီလန်အသင်းနဲ့ ၂၀၂၆ ဇွန်လအထိ စာချုပ်သက်တမ်းရှိတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စာချုပ်ထဲမှာ အေစီမီလန် အသင်းဘက်က ၂၀၂၅ ဇွန်လမှာ ကွန်ဆေးဆောင်းကို လျော်ကြေးမပေးဘဲ ထုတ်ပယ်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုထားခဲ့လို့ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ နည်းပြ ကွန်ဆေးဆောင်းနဲ့ လက်တွဲတော့မှာ မဟုတ်သလို အသင်းအတွက် ပရိုပီသစွာ ကြိုးစားအားထုတ်ပေးခဲ့ကြတဲ့ နည်းပြကွန်ဆေးဆောင်းနဲ့ နည်းပြ အဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်လို့ အေစီမီလန်အသင်းရဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။ နည်းပြ ကွန်ဆေးဆောင်းဟာ အေစီမီလန်အသင်းကို စတင်တာဝန်ယူတဲ့ ဒုတိယပွဲမှာပဲ အင်တာမီလန်အသင်းကို အနိုင် ရပြီး အီတလီစူပါဖလား ရယူပေးနိုင်ခဲ့ပေမယ့် စီးရီးအေမှာတော့ ရာသီအကုန်မှာ အသင်းကို အဆင့် ၈ နေရာသာ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုပါအီတလီယာဖလား ဗိုလ်လုပွဲမှာလည်း ဘိုလော့နာ အသင်းကို ရှုံးနိမ့်ခဲ့လို့ အေစီမီလန်အသင်းဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့ရတာကြောင့် အခုလို မျိုး နည်းပြကွန်ဆေးဆောင်းကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ သတင်းတွေအရ ကွန်ဆေးဆောင်းရဲ့ နေရာမှာ နည်းပြဟောင်း အယ်လီဂရီကို ပြန်ခန့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။