အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဒီလပ်ရဲ့ စွမ်းဆောင်ရည်အပေါ် သံသယမရှိသလို အနာဂတ်မှာ အင်္ဂလန် တိုက်စစ်ကို ဦးဆောင်သူဖြစ်လိမ့်မယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောလိုက်ပါတယ်။

ဒီလပ်ဟာ အခု နွေရာသီမှာ အစ်ဆွစ်အသင်းကနေ ချဲလ်ဆီးကို ပေါင် သန်း ၃၀ နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး ၁၂ ဂိုး သွင်းယူခဲ့တဲ့ ဒီလပ် ဟာ ချဲလ်ဆီးအသင်းနဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ချဲလ်ဆီးအသင်းနဲ့အတူ သူ့အတွက် ပထမဆုံးပြိုင်ပွဲ ဖြစ်လာမှာပါ။ ဒီလပ်နဲ့ ပတ်သက်လို့ အမြဲတမ်း အကောင်းမြင်ခဲ့သလို အင်္ဂလန်အသင်း တိုက်စစ်မှာ ဟယ်ရီကိန်းနေရာကို ဆက်ခံနိုင်မယ့်သူဆိုတာ သေချာပါတယ်လို့ နည်းပြ မာရက်စ်ကာက သုံးသပ် သွားခဲ့ပါတယ်။

နည်းပြမာရက်စ်ကာနဲ့ တိုက်စစ်မှူး ဒီလပ်တို့ဟာ မန်စီးတီး ယူ-၂၃ အသင်းအတွက် အောင်မြင်မှု တွေ အတူရယူပေးနိုင်ခဲ့သလို အချင်းချင်းကြားမှာ နားလည်မှုတွေ ရှိတဲ့အတွက် ဒီလပ်ကို ချဲလ်ဆီးရောက်လာဖို့ အများကြီးရှင်းပြစရာ မလိုအပ်ခဲ့ဘူးလို့လည်း နည်းပြ မာရက်စ်ကာက ပြောသွားခဲ့ပါတယ်။ ဒီလပ်ကို ကျောနံပါတ် ၉ ပေးထားတယ်ဆိုပေမယ့် ဒါက အသင်းပွဲထွက်စာရင်းမှာ သေချာပေါက်နေရာရမယ်လို့ အာမခံချက်ပေးတဲ့ သဘောမျိုး မဟုတ်ဘူးလို့လည်း မာရက်စ်ကာက ရှင်းပြသွားခဲ့ပါတယ်။