အာဂျင်တီးနားတောင်ပံတိုက်စစ်မှူး ဒီမာရီယာဟာ မွေးရပ်မြေကလပ် ရိုဆာရီယိုစင်ထရယ် (Rosario Central) အသင်းဆီကို ပြန်ရောက်လာမှာဖြစ်တယ်လို ရိုဆာရီယိုအသင်းက အတည်ပြုလိုက်ပါတယ်။ အသက် ၃၇ နှစ် အရွယ် ဒီမာရီယာဟာ ရိုဆာရီယိုမြိုမှာ မွေးဖွားခဲ့သူဖြစ်သလို ပရိုကစားသမားဘဝကိုလည်း ၂၀၀၅ ခုနှစ်မှာ ရိုဆာရီယိုအသင်းနဲ့ စတင်ခဲ့သူဖြစ်ပါတယ်။

ရိုဆာရီယိုအသင်းနဲ့ ၂ နှစ်တာကာလအတွင်း ၃၅ ပွဲကစားပေးခဲ့ ပြီးနောက် ၂၀၀၇ ခုနှစ်မှာ ဒီမာရီယာက ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဥရောပမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်စာမျက်နှာတွေကို ရေးသားဖို အတွက် ပြန်လာမှုကို ကြိုဆိုပါတယ် လို ရိုဆာရီယိုအသင်းက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ကမှ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဒီမာရီယာဟာ ရီးရဲလ်၊ မန်ယူ၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ် အသင်းတွေမှာ ကစားခဲ့ပြီး အခုဘောလုံးရာသီကိုတော့ အသင်းဟောင်း ဘင်ဖီကာအသင်းနဲ့အတူ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ဥရောပမှာ ချန်ပီယံဆုပေါင်း ၃၀ ရယူနိုင်ခဲ့တဲ့ ဒီမာရီယာဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ လည်း ဆုဖလား ၆ ကြိမ်ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမာရီယာအနေနဲ့ ဘင်ဖီကာအသင်းနဲ့အတူ ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲကို ဝင်ပြိုင်ဦးမှာဖြစ်ပြီး ပြိုင်ပွဲအပြီးမှာ ရိုဆာရီယိုအသင်းဆီကို ပြောင်းရွှေ့မှာဖြစ်ပါတယ်။