ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဒီဘရိုင်းနှုတ်ဆက်ပွဲကို အင်္ဂါညက ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်အပြီးမှာ မန်စီးတီးအသင်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဝုဖ်ဘတ်အသင်း ကနေ မန်စီးတီးကို ရောက်လာခဲ့တဲ့ ဒီဘရိုင်းဟာ အသင်းနဲ့ ၁၀ နှစ်တာကာလအတွင်း ဆုဖလား ၁၆ လုံးအထိ ရရှိခဲ့သူ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ဒီဘရိုင်းက မန်စီးတီး ပရိသတ်တွေကို နှုတ်ဆက်စကား ပြောသွားခဲ့ပါတယ်။ ကွင်းလယ်မှာ ကောင်းမွန်တဲ့ ဖန်တီးမှုတွေ၊ နိုင်ပွဲဆာ လောင်မှုတွေနဲ့ ပရိသတ်ကို ပျော်ရွှင်မှု ပေးနိုင်ခဲ့သလို အသင်းအတွက် အမှတ်တရတွေနဲ့ အောင်မြင်မှုတွေကို ချန်ထားနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်လို့ ဒီဘရိုင်းက ပြောသွားခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဒီဘရိုင်းက မက်ဆီပြီးရင် သူကိုင်တွယ်ခဲ့ဖူးတဲ့ အကောင်းဆုံး ဘောလုံးပေးပို့သူဖြစ်လို့ ဒီလိုကစားသမားကို နှုတ်ဆက်ရတာက ဝမ်းနည်းစရာကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ဒီဘရိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ရုပ်တုကို အီတီဟတ်ကွင်းအပြင်ဘက်မှာ ထားရှိပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ အခုလို ဂုဏ်ပြုမှုက အသင်းမှာ သူက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲရှိနေတယ် ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်လို့ ဒီဘရိုင်းက ပြောခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်းဟာ ရာသီကုန်မှာ မန်စီးတီးကနေ ထွက်ခွာမှာဖြစ်ပေမယ့် အခုချိန်ထိ အနာဂတ်နဲ့ ပတ်သက်လို့တော့ ပြောကြားတာမျိုး မရှိသေးပါဘူး။