မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ကီဗင် ဒီဘရိုင်းဟာ နာပိုလီအသင်းကို ပြောင်းရွှေ့ သွားပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီကုန်မှာ မန်စီးတီးကနေ ထွက်ခွာပြီးနောက် ဒီဘရိုင်းဟာ နာပိုလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။

ဒီဘရိုင်းဟာ မေဂျာလိဂ်ဘောလုံးကလပ် Chicago Fire က ကမ်းလှမ်းခဲ့တာကို ပယ်ချကာ နောက်ရာသီ ချန်ပီယံ လိဂ် ဝင်ရောက်ခွင့်ရထားတဲ့ နာပိုလီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းမှာတော့ ချယ်လ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာ ကစားရမှာပါ။အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်းဟာ မန်ချက်စတာစီးတီးအသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီး အဓိကဆုဖလား ၁၉ ခုအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဓိကဆုဖလားတွေထဲမှာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်၊ FA ဖလား နှစ်ကြိမ် ပါဝင်ပြီး ၂၀၂၃ ခုနှစ်မှာ မန်စီးတီးအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါ တယ်။ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းဟာ မန်ချက်စတာစီးတီးရဲ့ အောင်မြင်မှုမှာ အဓိက အကျဆုံး ကစားသမားတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက် လည်း ဖြစ်ပါတယ်။