အော်လန်ဒိုမြို့မှာ ဂျူဗင်တပ်အသင်းနဲ့ ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲမှာ မန်စီးတီးအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ ကစားသမားဘဝ သွင်းဂိုး ၃၀၀ ပြည့်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဟာလန်းက ဂျူဗင်တပ်အသင်းနဲ့ပွဲမှာ ပွဲထွက်စာရင်းမှာ မပါခဲ့ပဲ ဒုတိယပိုင်းမှ လူစားဝင် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကွင်းအတွင်းဝင်ရောက်လာပြီး ၆ မိနစ်အကြာမှာပဲ ဟာလန်းက နူနက်ဇ်ရဲ့ ဖန်တီးပေးမှုကို အဆုံးသတ်ခဲ့ပြီး သွင်းဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက ဂျူဗင်တပ်ကို ၅ ဂိုး-၂ဂိုးနဲ့ အနိုင်ရခဲ့သလို ဟာလန်းကလည်း ကစားသမားဘဝ ဂိုး ၃၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ ကလပ်အသင်းတွေဖြစ်တဲ့ မိုလ်ဒီ၊ ဆဲလ်ဘတ်၊ ဒေါ့မွန်၊ မန်စီးတီးနဲ့ နော်ဝေလက်ရွေးစင်အသင်းတွေအတွက် ဟာလန်းက ပွဲပေါင်း ၃၇၀ မှာ သွင်းဂိုး ၃၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုက ဂိုး ၃၀၀ ပြည့်ဖို့ ပွဲပေါင်း ၅၅၄ ပွဲကစားခဲ့ရသလို မက်ဆီဆိုရင်လည်း ၄၁၈ ပွဲကစားပြီးမှ ဂိုး ၃၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ် တိုက်စစ်မှူး အမ်ဘာပေက ပွဲပေါင်း ၄၀၉ ပွဲကစားပြီးမှ ဂိုး ၃၀၀ ပြည့်ခဲ့တာဖြစ်လို့ ဟာလန်းက ပွဲအနည်းဆုံးနဲ့ ဂိုး ၃၀၀ ပြည့်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။