စပါးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး မက်သီတဲလ်ကို ရာသီကုန်အထိ အငှားခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။ မက်သီတဲလ်ရဲ့ အပြောင်းအရွှေ့ အတွက် စပါးအသင်း ကြိုးစားနေခဲ့တာ ကြာပြီဖြစ်ပေမယ့် သဘောတူညီမှုရဖို့က ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။

ရာသီအကုန်မှာ ယူရို သန်း ၆၀ နဲ့ အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့ သဘောတူညီချက်အပါအဝင် စပါးနဲ့ ဘိုင်ယန်တို့ အကြား ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက သဘောတူညီမှုရထားခဲ့ပေမယ့် ကစားသမားဘက်က စပါးအသင်းကို လာရောက်ဖို့အတွက် အချိန်ဆွဲနေခဲ့တာကြောင့် ကြာနေခဲ့တာပါ။ ဒါပေမဲ့ စပါးနည်းပြ အန်ဂျီနဲ့ မက်သီတဲလ်တို့ စကားပြောဆိုအပြီးမှာတော့ ကစားသမားဘက်က စပါးအသင်းကို လာရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မက်သီတဲလ်ကို အငှားခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုပါ အချိန်မီ တင်ပြနိုင်ခဲ့ပါတယ်လို့ စပါးအသင်းကြေညာချက်မှာ ရေးသားထားပါတယ်။ စပါးအသင်းမှာ မက်သီတဲလ်ဟာ ကျောနံပါတ်-၁၁ ကို ဝတ်ဆင်သွားမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာထက် ကစားခွင့်ပိုရဖို့ မျှော်လင့်ကာ ပြောင်းရွှေ့လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မက်သီတဲလ်ဟာ ချက်ဂိုးသမား ကင်စကီး၊ နောက်ခံလူ ဒန်ဆိုတို့ပြီးနောက် အခုအပြောင်းအရွှေ့မှာ စပါးအသင်းခေါ်ယူခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်ခဲ့ပါတယ်။