ကစားသမားဘဝတစ်လျှောက် မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ပြိုင်ဆိုင်နိုင်မှုကို ထိန်းထားနိုင်တဲ့အတွက် မက်ဆီကို ချီးကျူးတယ်လို့ အင်တာမိုင်ယာမီနည်းပြ မာရှေယာနိုက ချီးကျူးသွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကစားခဲ့တဲ့ ဟွန်းဒူးရပ်စ်ကလပ် အိုလင်ပီယာအသင်းနဲ့ခြေစမ်းပွဲမှာ မက်ဆီဟာ မိနစ် ၆၀ ခန့် ကစားသွားခဲ့သလို ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီဟာ အခုနှစ်မေဂျာလိဂ်ရာသီမစခင် အင်တာမိုင်ယာမီအသင်းရဲ့ ခြေစမ်းပွဲ ၄ ပွဲစလုံးမှာ ပါဝင်ကစားပေးထားခဲ့တာလည်း ဖြစ်ပါတယ်။ ပါဝင်ကစားတဲ့ပွဲတိုင်းမှာ အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ မက်ဆီရဲ့အရည်အသွေးထိန်းထားနိုင်မှုက ချီးကျူးစရာကောင်းပါတယ်လို့ နည်းပြ မာရှေယာနိုက ပြောသွားခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဒဏ်ရာပြဿနာတွေကြောင့် အင်တာ မိုင်ယာမီအသင်းရဲ့ ပွဲ ၂၀ ကျော်လောက်ကို လွဲချော်ခဲ့ရပေမဲ့ လာမယ့်ဘောလုံးရာသီမှာတော့ မက်ဆီရဲ့ ကြံ့ခိုင်မှု အခြေအနေကို အကောင်းဆုံးပုံစံမှာရှိနေစေဖို့ ကူညီပေးသွားမယ်လို့ မာရှေယာနိုက ပြောပါတယ်။

ရာသီကြို ခြေစမ်းပွဲတွေမှာ မက်ဆီကို ပွဲချိန်ပြည့်မသုံးဘဲ မိနစ် ၆၀ နဲ့ ၇၀ ကြားအထိသာ အသုံးပြုခဲ့တဲ့အပေါ် မာရှေယာနိုက ပြန်လည်ရှင်းပြသွားခဲ့တာပါ။ အင်တာမိုင်ယာမီအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲ ၄ ခု ဝင်ပြိုင်ရမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပွဲအဖြစ် ကန်ဆက်စီးတီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။