ချဲလ်ဆီးအသင်းဟာ အစ်ဆွစ်တိုက်စစ်မှူး ဒီလပ်ရဲ့ စာချုပ်ဖျက်ကြေး ပေါင် သန်း ၃၀ ကို ပေးဖို့အတွက် သဘော တူမှု ရခဲ့ပြီးနောက် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်ယူအပါအဝင် ပရီးမီးယားလိဂ် အသင်းတွေဟာ အသက် ၂၂ နှစ်အရွယ် ဒီလပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ချဲလ်ဆီးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာပါ။

ဒီလပ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးအသင်းကနေ အစ်ဆွစ်ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုရာသီ အစ်ဆွစ်အသင်းအတွက် ပရီးမီးယားလိဂ် ၃၂ ပွဲမှာ ၁၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တော့ ချဲလ်ဆီးအသင်းက ဒီလပ်ရဲ့ စာချုပ်ဖျက်ကြေးကိုပေးဖို့ သဘောတူညီမှု ရထားပေမယ့် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရဖို့ကိုတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီလပ်ဟာ အစောပိုင်းက မန်ယူအသင်းနဲ့ သတင်းတွေ ထွက်ခဲ့သေးပေမဲ့ ကွန်ဖရင့်စ်လိဂ်ချန်ပီယံဆု ရထားသလို လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ပြိုင်ခွင့်ရထားတဲ့ ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့ဖို့ ပိုပြီး ဆန္ဒရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလပ်ဟာ မန်စီးတီးအသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ ပယ်လ်မာနဲ့လည်း ချဲလ်ဆီးအသင်း မှာ ပြန်လည်တွဲကစားရဖို့ ရှိနေတာဖြစ်ပါတယ်။ အစ်ဆွစ်အသင်းဘက်ကလည်း ဒီလပ်ရဲ့နေရာမှာ အစားထိုးဖို့ အတွက် ချဲလ်ဆီးတိုက်စစ်မှာ ပုံမှန် နေရာမရဖြစ်နေတဲ့ စပိန်လူငယ်တိုက်စစ်မှူး ဂီယူကို အငှားပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဂီယူဟာ အခုရာသီမှာ ချဲလ်ဆီးအတွက် ၁၄ ပွဲသာ ကစားခွင့် ရထားခဲ့တာ ဖြစ်ပါတယ်။