မန်ယူအသင်းဟာ အခုနွေရာသီ ပထမဆုံးခေါ်ယူမှုအဖြစ် ဘရာဇီးတိုက်စစ်မှူး ကန်ဟာကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကန်ဟာအတွက် မန်ယူအသင်းဟာ ဝုဗ်အသင်းကို စာချုပ်ဖျက်ကြေး ပေါင် ၆၂ သန်းခွဲ ပေးခဲ့ရတာပါ။

ကွင်းလယ်တိုက်စစ်မှာပါ ကစားနိုင်တဲ့ ကန်ဟာ က မန်ယူအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ၁ နှစ် အလိုအလျောက် သက်တမ်းတိုးခွင့်လည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်လုံး ကန်ဟာ ဟာ မန်ချက်စတာမြို့မှာ ရှိနေခဲ့ပြီး ဆေးစစ်မှုတွေနဲ့ အပြောင်းအရွှေ့အပြီးသတ်ဖို့ ကိစ္စတွေကို လုပ်ဆောင်နေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါ တယ်။ တနင်္ဂနွေ မနက်ပိုင်းမှာတော့ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ သွားရောက်ပူးပေါင်းဖို့အတွက် ကန်ဟာ ဟာ မန်ချက်စတာမြို့မှာရှိတဲ့ လိုရီဟိုတယ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းဟာ လာမယ့် ကြာသပတေးညမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အီကွေဒေါအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲက နည်းပြသစ် အန်ဆလော့တီရဲ့ ဘရာဇီးနည်းပြဘဝ ပထမဆုံးတာဝန်ယူတဲ့ပွဲလည်း ဖြစ်လာမှာပါ။ ၂၀၂၃ ခုနှစ်မှာ အက်သလက် တီကိုအသင်းကနေ အပြီးသတ်ပြောင်းရွှေ့လာပြီးနောက် ကန်ဟာ ဟာ ဝုဗ်အသင်းအတွက် ၇၆ ပွဲ မှာ ၃၁ ဂိုး သွင်းယူ ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ အနိမ့်ဆုံး ရပ်တည်မှု အဖြစ် အဆင့် ၁၅ နဲ့ရာသီသိမ်းနိုင်ခဲ့ပြီးနောက် နည်းပြအမ်မိုရင်ဟာ တိုက်စစ်ပိုင်း ပြင်ဆင်မှုအဖြစ် ကန်ဟာကို ခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။