ချဲလ်ဆီးအသင်းဟာ အစ်ဆွစ်အသင်းတိုက်စစ်မှူး ဒီလပ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဒီလပ်ဟာ ချဲလ်ဆီးအသင်းနဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ဒီလပ်ရဲ့ စာချုပ်ဖျက်ကြေးပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

နည်းပြ မာရက်စ်ကာရဲ့ ချဲလ်ဆီးအသင်းဟာ ဒီလပ်ကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူ၊ နယူးကာဆယ်၊ အဲဗာတန်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ ရတာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ စီမံကိန်းတွေက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဒီလပ်က ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရထားသလို အခုလထဲမှာ စတင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ပြိုင်ရမှာဖြစ်တာကြောင့် အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းတိုက်စစ်မှာရှိနေတဲ့ ဂျက်ဆန်က ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယား လိဂ်သွင်းဂိုး ၁၀ ဂိုးသာ ရခဲ့သလို အန်ကွန်ကူကလည်း သွင်းဂိုး ၃ ဂိုးသာ သွင်းယူပေးနိုင်ခဲ့တာပါ။ ဒီလပ်ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အစ်ဆွစ်အသင်းအတွက် ပရီးမီးယားလိဂ် ၃၇ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၂ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အစ်ဆွစ်အသင်းနဲ့အတူ ကစားသမားဘဝ တစ်ဆင့်တက်လာနိုင်ခဲ့တဲ့အတွက် အစ်ဆွစ် အသင်းမှာ ရှိနေခဲ့တဲ့ အချိန်တွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့လည်း ဒီလပ်က ပြောသွားခဲ့ပါတယ်။