မန်ယူနည်းပြဟောင်း တန်ဟတ်ဟာ လာမယ့်ရာသီ လေဗာကူဆင်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

လေဗာကူဆင်အသင်းနည်းပြ အလွန်ဆို ဟာ အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်တာကြောင့် အသင်းတာဝန်ရှိသူတွေဟာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ကို ကြိုးစားနေတာဖြစ်ပြီး အခုအခါမှာတော့ တန်ဟတ်နဲ့ ဆွေးနွေးမှုတွေက အဆင်ပြေပြေ ရှေ့ဆက် နေတယ်လို့ သိရပါတယ်။နယ်သာလန်လူမျိုးနည်းပြ တန်ဟတ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မန်ယူ အသင်းကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ဘောလုံးလောကကနေ အနားယူနေခဲ့တာဖြစ်ပြီး အသင်း ဟောင်း အေဂျက်ဇ်ကလည်း တန်ဟတ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လေဗာကူဆင်အသင်းဟာ တန်ဟတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေသလို ဒုတိယဦးစားပေးအဖြစ် ကိုမိုအသင်းကို စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ဦးဆောင်နေတဲ့ လူငယ်နည်းပြ ဖာဘရီဂတ်စ်ကိုလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ ဖာဘရီဂတ်စ်ကို ခေါ်မယ်ဆိုရင် ကိုမိုအသင်းကို စာချုပ်ဖျက်ကြေးပေးရမှာဖြစ်တာကြောင့်် လက်ရှိမှာ ကလပ်လပ်မဲ့ ဖြစ်နေတဲ့ တန်ဟတ်ကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။