မန်စီးတီးအသင်းနဲ့ စာချုပ်ပြည့်ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းဟာ နာပိုလီအသင်းနဲ့ ဇွန်လ ၂ ရက်မှာ ဆေးစစ်မှု ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ နာပိုလီအသင်း ဥက္ကဋ္ဌ ဒီလော်ရန်းတစ်ဟာ အသင်းရဲ့ စကူဒက်တိုအောင်ပွဲခံမှုတွေကို ဒီဘရိုင်းဆီ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ကာ ပြသခဲ့သလို ဒီဘရိုင်းမိသားစုနေထိုင်ဖို့ နေအိမ်တစ်လုံးကိုလည်း ရွေးချယ်ထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့တာကြောင့် နာပိုလီအသင်းကို ဒီဘရိုင်းရောက်လာဖို့က သေချာသလောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အီတလီသတင်းဌာနတွေရဲ့ဖော်ပြချက်အရ နာပိုလီအသင်းဟာ ဒီဘရိုင်းအပြောင်းအရွှေ့ အပြီးသတ်ဖို့ အတွက် စီစဉ်စရာရှိတာတွေကို စီစဉ်ထားသလို ဆေးစစ်မှု ပြုလုပ်ဖို့အတွက် ရောမမြို့ကို အသင်းဆေးအဖွဲ့ စေလွှတ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ နာပိုလီအသင်းဟာ ဒီဘရိုင်းကို တစ်နှစ်လုပ်ခ ယူရို ၅ သန်းခွဲနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ၁ နှစ်အလိုအလျောက် သက်တမ်းတိုးခွင့်ရှိသလို ဆုကြေးအပါအဝင် ခံစားခွင့်အရ ဒီဘရိုင်းရဲ့ လုပ်အားခက တစ်နှစ်ကို ယူရို ၁၀ သန်းလောက်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီဘရိုင်းဟာ လက်ရှိမှာ မိသားစုနဲ့အတူ အားလပ်ရက်အပန်းဖြေခရီးထွက်နေပြီး နာပိုလီအသင်းအခြေစိုက်ရာ နေပယ်မြို့ဟာ ဒီဘရိုင်းနှစ်သက်သလောကျတဲ့ မြို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဘရိုင်းဟာ ၂၀၁၇ ခုနှစ်က သူ့ရဲ့မင်္ဂလာပွဲကို နေပယ်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။