ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို ၂၀၂၅ အမျိုးသမီး ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းက ဆွီဒင်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်သွားပါတယ်။ လက်ရှိချန်ပီယံ အင်္ဂလန် အသင်းဟာ ပွဲချိန်အစောပိုင်းမှာပဲ ဆွီဒင်အသင်းကို ဦးဆောင်ဂိုးစပေးခဲ့ရသလို ၂၅ မိနစ်မှာ ဒုတိယဂိုးထပ်ပေး ခဲ့ရလို့ ၂ ဂိုးအရှုံးနဲ့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ အားထည့်လာတဲ့ အင်္ဂလန်အသင်းဟာ ပွဲချိန် ၇၉ မိနစ် နဲ့ ၈၁ မိနစ်တွေမှာ ချေပဂိုးတွေပြန်ရခဲ့လို့ ၂ ဂိုးစီသရေကျခဲ့ပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပို မိနစ် ၃၀ ယှဉ်ပြိုင်အပြီးမှာလည်း တစ်ဖက်နဲ့တစ်ဖက် ဂိုးထပ်မသွင်းနိုင်လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ အင်္ဂလန်အသင်းဘက်က ပင်နယ်တီ ၃ ကြိမ်ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ဆွီဒင်ဘက်ကတော့ ပင်နယ်တီ ၂ ကြိမ်သာ ဝင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ အင်္ဂလန်အသင်း ပင်နယ်တီ ၃ ဂိုး-၂ ဂိုး နဲ့အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ခွင့်ရသွားတာဖြစ်ပါတယ်။

ပွဲချိန်အတွင်း ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ပြီးမှ သရေကျခဲ့ရသလို ပင်နယ်တီအဆုံးအဖြတ်မှာလည်း ၂ဂိုး-၁ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ရှုံးနိမ့်ခဲ့ရတဲ့ ဆွီဒင်အသင်းအတွက်တော့ စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ပါတယ်။ ယူရို ၂၀၂၅ အမျိုးသမီးပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲအဖြစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။