အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဆာလီဘာက လန်ဒန်အခြေစိုက်အသင်းအနေနဲ့ ၅ နှစ်ကြာဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ဖို့ နီးစပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ဖို့ကို အခြေအနေကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဆာလီဘာက အခုရာသီအသင်းကို ချန်ပီယံလိဂ်မှာအောင်မြင်မှုရအောင် ကူညီပေးချင်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဆုဖလားမျှော်လင့်ချက်နဲ့ ပတ်သက်လို့ မေးမြန်းမှုတွေအပေါ် ဆာလီဘာက အရမ်းကို နီးစပ်တဲ့အခြေအနေကိုရောက်နေပြီး လက်ရှိပုံစံအတိုင်း ဆက်သွားနိုင်ဖို့ လိုအပ်တယ်လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ အသင်းပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရပ်တည်နေပေမယ့် ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ အမှတ်ကွာဟချက်ကြီးမား နေတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲက အခုရာသီမှာ ဆုဖလားမျှော်လင့်ဖို့ အကောင်းဆုံးပြိုင်ပွဲဖြစ်နေပါတယ်။