လီဗာပူးအသင်းနဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်ရှ်တို့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နှစ်ဖက်တာဝန်ရှိသူတွေ ဆွေးနွေးမှုက ရှေ့ဆက်နေပြီး သဘော တူညီမှုရဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆာလက်ရှ်ရဲ့ လက်ရှိစာချုပ်က ရာသီအကုန်မှာ ပြည့်မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ် မချုပ်ဆိုနိုင်သေးတဲ့အပေါ် ဆာလက်ရှ်လည်း စိတ်ရှုပ်ထွေးနေသလို လီဗာပူးပရိသတ်တွေလည်း စိုးရိမ်နေကြပါတယ်။ ဆာလက်ရှ်ကို ဆော်ဒီကလပ်အသင်းတွေက အသည်းအသန် အလိုရှိနေကြတာဖြစ်လို့လည်း အသင်းကနေ ဆာလက်ရှ်ထွက်သွားမှာကို လီဗာပူးပရိသတ်တွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရာသီကုန်မှာ စာချုပ်ပြည့်မယ့် အသင်းခေါင်းဆောင်ဗန်ဒိုက်ချ်က အသင်းမှာ ဆက်ရှိနေဖို့ များတယ်လို့ ပြောကြားခဲ့သလို အခု ဆာလက်ရှ်ရဲ့ သတင်းလည်း ထွက်ပေါ်လာခဲ့လို့ လီဗာပူး ပရိသတ်တွေအတွက် စိတ်အေးစရာ ဖြစ်ခဲ့ရပါတယ်။လီဗာပူးအသင်းကို ၂၀၁၇ နွေရာသီမှာ ရောက်လာခဲ့တဲ့ ဆာလက်ရှ်ဟာ အသင်းရဲ့ အဓိကကျတဲ့ ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သလို အခုရာသီ အသင်းတိုက်စစ်မှာလည်း အားကိုးရတဲ့ ကစားသမားအဖြစ် ရပ်တည် နေတာဖြစ်ပါတယ်။