ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီတောင်ပံတိုက်စစ်မှူး လီရွိုင်း ဆာနေးဟာ တူကီယဲကလပ် ဂါလာတာစာရေးကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဆာနေးဟာ ဇွန်လ ၁၂ ရက်က အစ္စတန်ဘူလ် မြို့ကို ရောက်လာခဲ့ပြီး ဂါလာတာစာရေးအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

လေဆိပ်ကို ရောက်လာခဲ့တဲ့ ဆာနေးရဲ့ပုံတွေကို ဂါလာတာစာရေးအသင်းက လူမှုကွန်ရက်တွေမှာ မျှဝေခဲ့ပြီး နောက် အပြီးသတ်စကားပြောဆိုတာတွေ ပြုလုပ်နေပြီဆိုတာကို အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ ဆာနေးဟာ ၂၀၂၀ ပြည့်နှစ်မှာ မန်စီးတီးအသင်းကနေ ၅ နှစ်စာချုပ်နဲ့ ရောက်လာခဲ့ပြီး အခုဇွန်လအကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်ပြည့်မှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဘက်က ဆာနေးကို ဆက်ခေါ်ထားဖို့ ဆန္ဒရှိပေမယ့် ကစား သမားဘက်က စာချုပ်သစ်ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့ပြီး အသင်းကနေ ထွက်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဇွန်လ ၁၄ ရက်မှာစတင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဆာနေးနဲ့ ဂါလာတာစာရေး အသင်းတို့ ၃ နှစ်စာချုပ်ချုပ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှုရထားပြီး အခုအခါမှာ ဆာနေးဟာ စာချုပ်ကိစ္စ အပြီးသတ်ဖို့ တူကီယဲကို ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဘိုင်ယန်အသင်းနဲ့ ဘောလုံးရာသီ ၅ ရာသီ အတွင်း ဆာနေးဟာ ပြိုင်ပွဲစုံ ၂၂၀ မှာ ၆၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။