ဘရိုက်တန်အသင်းဟာ ဂရိကလပ် အိုလံပီယာကော့စ်ကနေ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး ခါရာလမ်းပို့စ် ကော့(စ်)စတူလပ် (Charalampos Kostoulas)ကို ပေါင် ၂၉ ဒသမ ၇၈ သန်း (ယူရိုအနေနဲ့ ၃၅ သန်း)နဲ့ ခေါ်ယူ လိုက်ပါတယ်။ ဘရိုက်တန်ဟာ ကော့(စ်)စတူလပ်ကို ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းနည်းပြ ဖေဘီယန် ဟာဇလာကတော့ သူဟာ ပရီးမီးယားလိဂ်မှာ ကစားချင်နေပြီး သူ့အနေနဲ့ အသင်းအတွက် ဘာတွေယူဆောင်လာပေးမလဲဆိုတာကို ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်လို့ ပြောပါတယ်။အိုလံပီယာကော့စ် အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ကော့(စ်)စတူလပ်ဟာ ဂရိ ယူ-၂၁ လက်ရွေးစင်ဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ အိုလံပီယာကော့စ်အသင်းနဲ့ ပွဲထွက်ကစားခဲ့တာ ဖြစ်ပါတယ်။ ကော့(စ်)စတူလပ်ဟာ ပြီးခဲ့ တဲ့ရာသီမှာ ၂၂ ပွဲကစားခဲ့ပြီး ၇ ဂိုး သွင်းယူနိုင်ခဲ့သလို ဂရိရဲ့ အလားအလာအကောင်းဆုံး လူငယ်ကစားသမားတွေ ထဲက တစ်ယောက်ဖြစ်ပါတယ်။

ဂျာမန်ထိပ်သီးကလပ်တွေနဲ့ ချယ်လ်ဆီးအသင်းတွေကလည်း ကော့(စ်)စတူလပ်ကို စိတ်ဝင်စားခဲ့ပေမယ့် ဘရိုက်တန်အသင်းက ခေါ်ယူနိုင်ခဲ့တာပါ။ ကော့(စ်)စတူလပ်အတွက် ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းကျော်ဟာ ဂရိကလပ်တစ်ခုအတွက် အမြင့်ဆုံး စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။